ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းဖြစ်ပွားခဲ့သည့် အစွန်းရောက် အကြမ်းဖက်သမား များ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သဘောထားထုတ်ပြန်

 

နေပြည်တော် အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းဖြစ်ပွားခဲ့သည့် အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သဘောထားထုတ်ပြန်ချက် တစ်ရပ်ကို ယနေ့တွင်ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ၌၂၀၁၇ ခုနှစ်၊ ဩဂုတ် ၂၅ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ရောက်ရှိ နေထိုင်ကြသော အစွန်းရောက် အကြမ်းဖက်သမားအချို့၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မကြာသေးမီ ရက်ပိုင်း ကာလများအတွင်း နိုင်ငံတကာအဖွဲ့အစည်းအချို့၊ ပြည်ပနိုင်ငံအချို့နှင့် ပြည်ပသတင်းဌာနတချို့တို့က မှန်ကန်မှုမရှိသည့် သတင်းအချက်အလက်များအပေါ် အခြေခံထားသည့် သတင်းထုတ်ပြန်မှုများနှင့် မြန်မာနိုင်ငံအပေါ် ပြစ်တင်စွပ်စွဲပြောဆိုမှုများ ရှိခဲ့ပါကြောင်း။

 

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ARSA အစွန်းရောက်အကြမ်းဖက်သမား အင်အား ၄၀၀၀ ခန့်က ကြိုတင်စီစဉ်ပြင်ဆင်၍ ရဲကင်းစခန်း၃၀ နှင့် တပ်ဌာနချုပ်တစ်ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းအင်အားသုံး အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သကဲ့သို့ ယင်းဖြစ်စဉ်၏ နောက်ကွယ် တွင် လွန်စွာရှုပ်ထွေးသည့် အခြေအနေများ၊ သမိုင်းနောက်ခံအကြောင်းအရာ အချက်အလက်များစွာ ရှိသည်ကို ဦးစွာလေ့လာသိရှိရန် လိုအပ်ပါကြောင်း ဖော်ပြထားသည်။

 

ထို့ပြင် ရခိုင်ပြည်နယ်ရှိဘင်္ဂါလီများ၏ နောက်ခံသမိုင်း၊ ၂၀၁၂ ခုနှစ်၊ ဇွန် ၈ ရက်တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ ရခိုင်တိုင်းရင်းသူ မသီတာထွေးအား ဘင်္ဂါလီလေးဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင် ဘင်္ဂါလီ အကြမ်းဖက်သမား များက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ရဲကင်းစခန်းသုံးခုအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အင်အားသုံး ဝင်ရောက်တိုက်ခိုက်ခဲ့မှု၊ ဩဂုတ် ၂၅ ရက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်၊ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြည်ပခရီးစဉ်သွားရောက်နေသဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့အား သွားရောက်တွေ့ဆုံ၍ တင်ပြဆောင်ရွက်ခဲ့မှု၊ စက်တင်ဘာ ၄ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ လမ်းညွှန်မှုများခံယူမှု၊ ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များတွင် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေခံပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကြုံတွေ့ရသည့် အခြေအနေပေါ်မူတည်၍ လက်နက်ကိုင် ပဋိပက္ခအသွင်ဆောင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ ခွဲခြားခြင်း၊ အချိုးအစားညီမျှခြင်း၊ လူသားဆန်ခြင်းသဘောတရားများကိုအခြေခံသည့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ထိတွေ့တိုက်ခိုက် မှုစည်းမျဉ်းများ (Rule of Engagement) ကိုလည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူလူထုအပေါ် ရန်ပြုတိုက်ခိုက်လာပါက ကာကွယ်ခုခံပိုင်ခွင့် ဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ၊ တရားမဝင် လူစုလူဝေးအားဖြိုခွင်းရာတွင် တပ်မတော်က ကူညီဆောင်ရွက်ပေးရသည့်အခါ လိုက်နာရမည့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားကြပ်မတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဥပဒေကို ကျော်လွန် ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းကသာ လိုက်နာဆောင်ရွက်ခဲ့မှု စသည်ဖြင့် ဖော်ပြထားသည်။

 

ယင်းထုတ်ပြန်ချက်တွင် တပ်မတော်အနေဖြင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားချိန်တွင် လူမျိုး၊ ဘာသာ မည်သည့်ခွဲခြားမှုမျှမရှိဘဲ အသက်အ္တရာယ်အတွက် စိုးရိမ်ထိတ်လန့်နေကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား လုံခြုံမှုရှိသော နေရာဒေသများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ယင်းနေရပ်ရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် ထောက်ပံ့ကူညီဆောင်ရွက်ပေးခြင်း၊ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင် ပေးခြင်း၊ နေရပ်ရှောင်ဒုက္ခသည်များအတွက် အနယ်နယ်အရပ်ရပ်မှ လှူဒါန်းသည့် ထောက်ပံ့ ပစ္စည်းများအား တပ်မတော်လေယာဉ်၊ ရေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် လိုအပ်သည့် နေရာများသို့အရောက် ပို့ဆောင်ပေးခြင်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ပါကြောင်း။

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း မှန်ကန်မျှတစွာ ဆောင်ရွက်ပေးရန်လိုအပ်ပြီး နိုင်ငံတော်အစိုးရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရတို့ကလည်း ယင်းကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက် နေရာတွင် တပ်မတော်အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အရေး ကိစ္စတွင် လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှု စသည်တို့အား အကြောင်းပြ၍ နောက်ကွယ်မှ ရည်ရွယ်ချက်ရှိစွာဖြင့် ပြုမူ လုပ်ဆောင်လာမှုများသည် နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာသည့် အပေါ်တွင် အထူးသတိထား စောင့်ကြည့်ကာကွယ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။