ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို စစ်တွေမြို့နှင့် ငပလီကမ်းခြေ တို့၌ကျင်းပ

 စစ်တွေ မတ် ၂၁

ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို စစ်တွေမြို့ပွိုင့်ကမ်းခြေနှင့်ငပလီ ကမ်းခြေတို့ ၌ ယမန်နေ့ (တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းမှစတင်ပြီး ကျင်းပခဲ့သည်။

သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲကို စစ်တွေမြို့၌ သာကီမဏ္ဍိုင်ရခိုင်ယဉ်ကျေးမှုအဖွဲ့နှင့် ပြည်သူများမှလည်းကောင်း၊ သံတွဲမြို့နယ် ငပလီကမ်းခြေ၌ ဒွါရာဝတီအသျှင်ကုသလနှင့် ဒွါရာဝတီ လူငယ်များကလည်းကောင်း ဦးဆောင်ပြီးကျင်းပကြကြောင်းသိရသည်။

ရခိုင်လူမျိုးတို့သည် တပေါင်းလပြည့်နေ့၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ သဲပုံစေတီတည် ကာ ပူဇော်လေ့ရှိသည့် ရခိုင်တို့၏ရိုးရာဓလေ့တစ်ခုဖြစ်သည်။ သဲပုံစေတီတည်ခြင်းအားဖြင့် မြတ်စွာဘုရားရှင်၏ ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်သော ဂုဏ်တော်ကိုပူဇော် ရာရောက်ခြင်း၊ သဲပုံစေတီတည်ခြင်းအားဖြင့် စပါးဆန်ရေများပွားများခြင်း၊ ဘေးအန္တရာယ် ကင်းဝေးခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းနှင့် တိုင်း၊ ပြည်၊ မြို့ရွာအေးချမ်းသာယာခြင်းစသည့် အကျိုးကျေးဇူးများရရှိခြင်းတို့ကြောင့် ကျင်းပကြခြင်းဖြစ်ကြောင်းသိရသည်။

သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို တပေါင်းလပြည့်နေ့တွင် ဒီရေကျချိန်၌ လူကြီး၊ လူငယ်၊ လူလတ်များစုပေါင်း၍ လည်းကောင်း၊ အဖွဲ့လိုက်၊ အစုလိုက်၊ မိသားစုအလိုက် လည်းကောင်း သဲသောင်ပြင်တွင်ကျင်းပခြင်းဖြစ်ပြီး ရခိုင်သမိုင်းဝင် ဘုရားစေတီများနှင့် ပုထိုးတော်များ၏ ပုံတူများကို သဲများဖြင့်တည်ဆောက်ကာ တံခွန်၊ ကုက္ကား၊ ပန်းမာန်၊ ဆီမီးအမွှေးနံ့သာများဖြင့် ပူဇော်ကြခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို စစ်တွေမြို့၌ ၂၀၀၅ ခုနှစ်မှစတင်ကာ ပူဇော်ကျင်းပလာသည်ကိုတွေ့ရပြီး သံတွဲမြို့နယ် ငပလီကမ်းခြေ၌ ကျင်းပသည်မှာ တတိယ အကြိမ် မြောက် ဖြစ်ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)