ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ ဆက်လက်ဖြေဆို

 စစ်တွေ မတ် ၁၃

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ်စာစစ်ဌာနအသီးသီး၌ ကျောင်းသား ကျောင်းသူများက အေးချမ်းစွာဖြေဆိုကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ၏ ဇီဝဗေဒဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၅၃၃၀ က စာစစ်ဌာန ၉၉ ခု၌ ဖြေဆိုကြပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၃ ဒသမ ၅၁ ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၃၆၄၅၄ ဦးက စာစစ်ဌာန ၁၂၂ ခု၌ ဖြေဆို ကြပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၂ ဒသမ ၃၂ ရာခိုင်နှုန်းရှိ ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ယနေ့ဖြေဆိုမှုနှင့် စပ်လျဉ်း၍ ကျောင်းသူ မခင်မိုးသူ က “ကျွန်မ ဒီနေ့ဘောဂဗေဒ ဘာသာရပ်ကို ဖြေနိုင်ပါ တယ်။ ကျွန်မအနေနဲ့ အရင်နေ့တွေက ဘာသာတွေကိုလည်း ဖြေနိုင်ပါတယ်။ အောင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ထို့အတူ ကျောင်းသား မောင်ဖြိုးသက်ဇော်က “ကျွန်တော့်အနေနဲ့ ဘောဂဗေဒဘာသာမှာ ဂုဏ်ထူးမှတ်ရအောင် ဖြေထားပါတယ်။ ဒီနှစ်မေးခွန်းတွေကို ဖြေနိုင်ပါတယ်။ ဂုဏ်ထူးက ဒီနေ့ဖြေတဲ့ ဘောဂဗေဒ ဘာသာကို မှန်းထားပါတယ်” ဟုပြောသည်။

“စာမေးပွဲမှာ ကျွန်မသားက ဖြေနိုင်ပါတယ်။ သူတို့ ဖြေနိုင်တယ်ဆိုတော့ ကျွန်မတို့ မိဘတွေ အနေနဲ့ စိတ်အေးရပါတယ်။ မိဘတစ်ယောက်အနေနဲ့ စာကျက်ချိန် မှန်အောင်၊ ကျောင်းချိန် မှန်အောင် သေချာထိန်းသိမ်း စောင့်ရှောက်ခဲ့ပါတယ်” ဟု တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦး၏မိခင် ဒေါ်အေးမြသန္တာက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံများ နှင့်စပ်လျဉ်း၍ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မေသန့်စင်က “ဒီနှစ်မေးခွန်းပုံစံက နည်းနည်းပြောင်းထားတော့ ကျောင်းသား ကျောင်းသူတွေ နည်းနည်း ပိုလေ့လာကြရပါတယ်။ ဒါပေမယ့် မေးခွန်းတွေ က သိပ်ခက်တယ်လို့ မရှိပါဘူး။ အဓိကကတော့ ကျောင်းသား ကျောင်းသူတွေရဲ့ လေ့လာ မှုတွေ၊ ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှုတွေအပေါ် မူတည်ပြီး ကွဲပြားသွားကြမှာပါ။ တော်တော်များများ ဖြေနိုင်ကြတာတွေ့ရပါတယ်” ဟု သုံးသပ်ပြောကြားသည်။ ရခိုင်ပြည်နယ်အတွင်း မတ် ၁၄ ရက်တွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၂၈၉၆ ဦး၊ ကျောင်းသူ ၃၅၆၉ ဦးရှိပြီး မတ် ၁၅ ရက်တွင် သမိုင်းဘာသာရပ်ကို ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၂၈၀၆ ဦးနှင့် ကျောင်းသူ ၃၃၉၇ ဦး ရှိကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - မျိုးသူဟိန်း
ဓာတ်ပုံ-နေမျိုး