ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းဆောင်ရွက်သွားရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ဆုံးဖြတ်ထား

 

နေပြည်တော် နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအနက် စိစစ်ပြီးသူ များအား ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ (၁၅) ရက်မှ စတင်၍ ပြန်လည် လက်ခံရေးဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့ သဘောတူထားပြီး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ သဘောတူထားသည့်အတိုင်း တစ်ရက်လျှင် နေရပ် စွန့်ခွာသူ (၁၅ဝ) နှုန်းဖြင့် လက်ခံသွားရန် မြန်မာနိုင်ငံဘက်မှ လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများ ဆောင်ရွက်ထားရှိ သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ယခုအချိန်အထိ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။ နေရပ် စွန့်ခွာသူအချို့မှာ မြန်မာနိုင်ငံသို့ ပြန်သွားရန် ဆန္ဒမရှိ ကြောင်း UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု သိရှိရသည်။

ထပ်လောင်းကတိကဝတ်ပြု

၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ (၁၆) ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး H.E. Abul Hassan Mahmood Aliတို့သည် ယင်းကိစ္စနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားရာ၌ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ (၂၃) ရက်တွင် လက်မှတ်ရေးထိုးထားသည့် လုံခြုံစွာ၊ မိမိသဘောဆန္ဒအလျောက်နှင့် သိက္ခာရှိစွာဖြင့် နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေး နှစ်နိုင်ငံသဘော တူညီချက်အား အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားမှု အပေါ်တွင် ထပ်လောင်း ကတိကဝတ်ပြုခဲ့ကြပြီး ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ လတ်တလော တွင် အခက်အခဲများ ရှိနေကြောင်း၊ ယင်း အခက်အခဲများမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ (၁၆) ရက် နှစ်နိုင်ငံသဘောတူညီချက် နှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်တွင် ပါရှိသော လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် တွေ့ရှိရသည့် အားနည်းချက်များ မှ ထွက်ပေါ်လာခြင်းဖြစ်သည်ကို နားလည်ထားကြပါကြောင်း၊ ယင်းသဘောတူညီချက် အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လာမည်ဆိုပါက ၎င်းတို့ကိုယ်တိုင် ပြန်လည်သွားရောက်လိုကြောင်း ဆန္ဒပြုရမည့်အပြင် သတ်မှတ်ပုံစံများတွင် ဖြည့်သွင်း လက်မှတ်ရေးထိုးရန်လည်း လိုအပ်ပါကြောင်း၊ သို့ရာတွင် UNICEFမှ တွေ့ဆုံ မေးမြန်းထားသော (၁၅ဝ) အပါအဝင် နေရပ်စွန့်ခွာသူ (၂၂၆ဝ) တို့၏ သတ်မှတ်ပုံစံ များကို ပေးပို့ရာတွင် ယင်းလုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်ထားမှုမရှိသည်ကို တွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံသို့ မကြာသေးမီက ထပ်မံပေးပို့ခဲ့သည့်နေရပ်စွန့်ခွာသူ (၂၂ဝဝဝ) ၏ သတ်မှတ်ပုံစံများတွင် ၎င်းကာယကံရှင်များကိုယ်တိုင် လက်မှတ်ရေးထိုးထားသည် ဟု ယူဆပါကြောင်း၊ အလားတူ ဟိန္ဒူဘာသာဝင် (၄၄ဝ) သည် မိမိသဘောဆန္ဒ အလျောက် ဆောလျင်စွာပြန်လာလိုကြောင်း သိရှိရပြီး ၎င်းတို့ကို ပထမအသုတ် စိစစ်လက်ခံရေးလုပ်ငန်းစဉ်တွင် ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြာမီ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည့် အတွက် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ အကုန်ပိုင်း၌ သာ ပြန်လည်စတင်ဆောင်ရွက်မည်ဟု ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်

Tags