ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၆/၂၀၁၈) အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၆/၂၀၁၈) အစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏(၆/၂၀၁၈) အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ဆွေးနွေးသည်။

အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မိမိတို့နိုင်ငံအနေဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ စတင်နိုင်တော့မည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများမှာ ကြီးမားသော လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်ကော်မတီအစည်းအဝေးဖြစ်ပါကြောင်း၊ နှစ်ရှည်ဖြစ်လာသော လူမှုရေးကိစ္စမှသည် နိုင်ငံရေး၊ လုံခြုံရေး စသည့်ကဏ္ဍများအထိ ဆက်စပ်နေသဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ UEHRD ကော်မတီများအပြင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီစသည်ဖြင့် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးမှ ပဉ္စမအကြိမ် အစည်းအဝေးအထိ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးအပိုင်းကို စနစ်တကျဆောင်ရွက်ရန် ပြောကြားသည်။

ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ(၂) နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အဆင်သင့်ဖြစ်စေရန်နှင့် ထူးခြားဖြစ်စဉ်များကိုအချိန်နှင့်တစ်ပြေးညီ တင်ပြစေလိုပါကြောင်း ဆွေးနွေးသည်။

ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင်က လှဖိုးခေါင်ကြားစခန်းနှင့် ပြန်လည်နေရာချထားမည့်ကျေးရွာများ၏ ဆောင်ရွက်မှုအခြေအနေများ၊ ပညာရေး၊ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ပေးမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့ကလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လိုအပ်ချက်များ၊ထပ်မံဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးများကဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။