ပြည်တွင်းသတင်းမီဒီယာအဖွဲ့ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ သွားရောက်သတင်းရယူ

ပြည်တွင်းသတင်းမီဒီယာအဖွဲ့ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ သွားရောက်သတင်းရယူ

မောင်တော နိုဝင်ဘာ ၁၇

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်သည့် သတင်းများရယူရန်အတွက် မောင်တောမြို့၌ရောက်ရှိနေသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ သွားရောက်သတင်း ရယူကြသည်။

သတင်းမီဒီယာအဖွဲ့သည် ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား ပြန်လည်လက်ခံမည့်တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိပြီးစတင်ဝင်ရောက်မည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တံတား၊ ကနဦး စစ်ဆေးမည့်နေရာ၊ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ဖူးခြင်း ရှိ၊ မရှိ စစ်ဆေးမည့်နေရာ၊ Biometric မှတ်တမ်းတင်မည့်နေရာ၊ National Verification ကတ် ပြုလုပ်ပေးမည့်နေရာ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည့်နေရာ၊ ကျန်းမာရေးစစ်ဆေးပေးမည့်နေရာ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်မည့်နေရာ၊ ဝင်ရောက်လာသူများ နေထိုင်ရန် ခေတ္တ တည်းခိုဆောင်များ ဆောက်လုပ်ထားမှု၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး နေထိုင်ခွင့်မရှိသောနေရာတွင် နေရပ်စွန့်ခွာသူများ နေထိုင်မှုအခြေအနေတို့ကို မေးမြန်းသတင်းရယူကြသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့သည် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း ယာယီတာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဦးရဲထူးနှင့် တွေ့ဆုံ၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် နေရာချ ထားရေးအတွက် ဆောင်ရွက်ထားမှု အခြေအနေများကို လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင် နှင့် တွေ့ဆုံ၍ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဟုတ်၊ မဟုတ် အဆုံးအဖြတ်ခံယူရန် လျှောက်ထားရမည့်ပုံစံ၊ လွတ်လပ်စွာ သွားလာခွင့်ပြုမှု၊ Biometric မှတ်တမ်းတင်မှုနှင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား ထုတ်ပေးမည့်အခြေအနေနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း မေးမြန်းသတင်းရယူကြသည်။

မွန်းလွဲပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် မောင်တောမြို့သို့ ပြန်လည်ရောက်ရှိကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ပြန်လည်ဝင်ရောက်လာသည့် မာမတ်ရှော်ရိပ်အပါအဝင် မိသားစုဝင်ခြောက်ဦးနှင့်တွေ့ဆုံ၍ ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့မှု အခြေအနေ၊ လက်ရှိကူညီစောင့်ရှောက်ပေးထားမှု၊ နေထိုင်စားသောက်မှုနှင့် တစ်ဖက်နိုင်ငံတွင် ကျန်နေခဲ့သည့် ဆွေမျိုးများ နေရပ်ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို မေးမြန်းသတင်းရယူကြသည်။

ယင်းနောက် ကညင်ချောင်းစီးပွားရေးဇုန်မှ တာဝန်ရှိသူနှင့်တွေ့ဆုံ၍ စီးပွားရေးဇုန် တည်ဆောက်မှုအခြေအနေ၊ မောင်တော ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်မည့်အခြေအနေနှင့် လက်ရှိ မောင်တောဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေတို့ကို မေးမြန်းသတင်းရယူကြသည်။

သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်သတင်းရယူမှုအနေဖြင့် ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၂၈ ကြိမ်ရှိသွားပြီဖြစ်ပြီး ၂၀၁၆ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် တွင် ရှစ်ကြိမ်၊ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလကုန် အထိ ခြောက်ကြိမ်နှင့် ၂၀၁၈ ခုနှစ်မတ်လမှစတင်၍ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် တစ်လလျှင် နှစ်ခေါက်နှုန်းဖြင့် ၁၃ ကြိမ်ဖြစ်ကြောင်း သိရှိရသည်။

 

Tags