ပြည်တွင်းပြည်ပသတင်းဌာန ရှစ်ခုမှ သတင်းသမားများ စစ်တွေမြို့သို့ ရောက်ရှိ သက္ကယ်ပြင် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်သတင်းယူ

ပြည်တွင်းပြည်ပသတင်းဌာန ရှစ်ခုမှ သတင်းသမားများ စစ်တွေမြို့သို့ ရောက်ရှိ

သက္ကယ်ပြင် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်သတင်းယူ

စစ်တွေ နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ပြင်ဆင်ထားမှု အခြေအနေတို့ကို သတင်းရယူရန် ပြည်တွင်း ပြည်ပသတင်းဌာန ရှစ်ခုမှ သတင်းသမားများသည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

ညနေပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည် စစ်တွေမြို့ရှိ သက္ကယ်ပြင်ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ စခန်းအတွင်း နေထိုင်ကြသူများနှင့်တွေ့ဆုံကာ ပြန်လည်နေရာချထားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေနှင့် လတ်တလောနေထိုင်စားသောက်မှု အခြေအနေများကို မေးမြန်းသတင်းရယူကြသည်။

ယင်းနောက် မီဒီယာအဖွဲ့သည် သက္ကယ်ပြင်စခန်းအတွင်း နေထိုင်၊စားသောက်မှု အခြေအနေများကိုလှည့်လည်ကြည့်ရှု သတင်းရယူကြသည်။

သတင်းမီဒီယာအဖွဲ့တွင် NipponTV၊ TV Asahi၊ TBS၊ MIR၊ VOA၊ Black Night၊ MRTV နှင့် MNA သတင်းဌာနတို့မှ သတင်းသမားများပါရှိသည်။ သတင်းမီဒီယာအဖွဲ့များ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်သတင်းရယူမှုအနေဖြင့် ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၂၉ကြိမ်ရှိပြီဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ရှစ်ကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ခြောက်ကြိမ်နှင့် ၂၀၁၈ ခုနှစ်မတ်လမှစတင်၍ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏ အစီအစဉ်ဖြင့် တစ်လလျှင် နှစ်ခေါက်နှုန်းဖြင့် ၁၄ ကြိမ်ဖြစ်ကြောင်း သိရှိရသည်။