ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် သံအမတ်ကြီးများ သီးခြားစီ လာရောက်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် သံအမတ်ကြီးများ သီးခြားစီ လာရောက်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF၊ ကူဝိတ်သံရုံးမှ သံရုံးယာယီတာဝန်ခံ၊ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီးနှင့် နော်ဝေနိုင်ငံ သံအမတ်ကြီး တို့က အဆိုပါဝန်ကြီးဌာနတွင် သီးခြားစီ လာရောက်တွေ့ဆုံသည်။

UNICEF East Asia and Pacific Regional Office (EAPRO) နှင့် တွေ့ဆုံစဉ် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများတွင် UNICEF မှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် စတင် ဆောင်ရွက်နေပြီဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေးအသက် နှစ်နှစ်အထိ ငွေကြေး ထောက်ပံ့မှုအစီအစဉ် (Maternal and Child Cash Transfer (MCCT) Program) ၏အခြေအနေများ၊ ဆက်လက်၍ MCCT Program ကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာ၀တီတိုင်းဒေသကြီးတို့တွင် တိုးချဲ့ဆောင်ရွက်နိုင်မည့် အခြေအနေ များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စများနှင့် အသစ်ရေးဆွဲနေသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးဆွဲဆောင်ရွက်နေမှုအခြေအနေများ၊ လူမှုရေးဖြစ်ရပ် စီမံခန့်ခွဲမှု စနစ် (Case Management System) ဆောင်ရွက်နေမှုနှင့် Social Workers များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Social Work Institue တစ်ရပ်အား ရန်ကုန်မြို့တွင် တည်ထောင်ရန်ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းမှု လျှော့ချရေးအတွက် ကလေးသူငယ်ဘ၀မှစတင်၍အမြင့်မားဆုံးဖွံ့ဖြိုးမှုရရှိရေးအတွက် စောစီးစွာဆန်းစစ်သတ်မှတ်ခြင်းနှင့် ဖြေရှင်းဆောင်ရွက်ပေး မည့် အစီအစဉ်များ (Early Childhood Intervention)  ဆောင်ရွက်နိုင်ရေးကြိုးပမ်းနေမှုများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ရောက်ရှိလာမည့် နေရပ်စွန့်ခွာသူများအတွက် ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စများ၊ နေရပ်စွန့်ခွာသူများအတွက် MCCT Program နှင့် လူမှုရေးပင်စင်စနစ်တို့အား ဆောင်ရွက်ပေးမည့် ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်သံရုံးမှသံရုံးတာဝန်ခံဖြစ်သူ Mr. Adel M F A AL Adgham၊ နော်ဝေနိုင်ငံ သံအမတ်ကြီး H. E. Mrs. Tone Tinnes နှင့်တူရကီနိုင်ငံ သံအမတ်ကြီး H. E. Kerem Divanhogluတို့နှင့် သီးခြားစီတွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံတွင် ဒုတိယဆင်းရဲမှုနှုန်းမြင့်မားသည့်ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရသစ် တာဝန်ယူသည်မှစ၍ ဦးစားပေးဆောင်ရွက်နေစဉ်ကာလအတွင်း ၂၀၁၇ ခုနှစ် ဩဂုတ်လ ARSAအကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာမှုများဖြစ်ပေါ်လာမှုအပေါ် UEHRD ဖွဲ့စည်းဆောင်ရွက်မှုနှင့် ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံဘက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ အဆင်သင့်ဖြစ်နေခဲ့ပြီး ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပထမအသုတ် ၂၂၅၁ဦး ပို့ဆောင်မည်ဖြစ်သည့်အတွက် ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံ ဘက်မှ ဆောင်ရွက်ထားရှိမှု နောက်ဆုံးအခြေအနေများကို အသိပေးရှင်းလင်းတင်ပြခဲ့ပြီးသက်ဆိုင်ရာနိုင်ငံအသီးသီးမှ အကူအညီပေးနိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နော်ဝေနိုင်ငံသံရုံးမှ မြေမြှုပ်မိုင်းကိစ္စရပ်များ၊ မိုင်းအန္တရာယ်သတိပေးလုပ်ငန်းများ၊ မိုင်းဒဏ်ခံစားခဲ့ရသူများအားကူညီထောက်ပံ့ပေးခြင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

Tags