ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများ ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားမှုအား သွားရောက်ကြည့်ရှု

 

နေပြည်တော် နိုဝင်ဘာ ၁၁

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည် လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတို့သို့ သွားရောက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားမှု အခြေအနေကို ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိရာ စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထူးက ပြန်လည် လက်ခံမည့်နေရာ၊ ဆောင်ရွက်သွားမည့် ရုံးလုပ်ငန်းစဉ်များ၊ ပြန်လည်ဝင်ရောက်လာသူများ ယာယီတည်းခိုနေထိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ ယင်လုံအိမ်သာ အလုံအလောက်ရှိအောင် ဆောင်ရွက်ထားမှု၊ စခန်းပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းရှိ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့်နေရာ၊ နေရပ်စွန့်ခွာသူများအား အထောက်အကူပြု ပစ္စည်းများ ပေးအပ်မည့်နေရာ၊ ကျန်းမာရေး စောင့်ရှောက်မှုပေး မည့်နေရာနှင့် ယာယီတည်းခိုမည့် နေရာတို့ကို လှည့်လည်ကြည့်ရှု သည်။

ထို့နောက် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က စခန်းအတွင်း ပြန်လည်လက်ခံရန် အသင့်အနေအထားဖြစ်မှုနှင့် ပြန်လည်လက်ခံရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေရန် ထပ်မံဆောင်ရွက်သွားမည့် လုပ်ငန်းများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာမည့်သူများအား လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့်နေရာ၊ အထောက်အကူပြု ပစ္စည်းများ ပေးအပ်မည့်နေရာ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးမည့်နေရာနှင့် ယာယီတည်းခိုမည့်နေရာတို့ကို လှည့်လည် ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့ နယ် ငါးခူရကျေးရွာ၌ နမူနာဆောက်လုပ်ထားသည့် ကျေးလက် လူနေအိမ်ပုံစံများ ပြီးစီးနေမှု အခြေအနေကို သွားရောက်ကြည့် ရှုသည်။

ထို့နောက် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြရာ စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်က စခန်းဆိုင်ရာ အချက်အလက်များ၊ စခန်းအတွင်း ရိက္ခာများ သိုလှောင်ထားမှု၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်၊ သုံးသောက်ရေ၊ လျှပ်စစ်မီးနှင့် ယင်လုံအိမ်သာ အဆင်ပြေစွာ အသုံးပြုနိုင်ရန်၊ ပြန်လည်ဝင်ရောက် လာသူများ စခန်း၌ ယာယီနေထိုင်စဉ် ကာလအတွင်း အဆင်ပြေစေ ရန် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ထပ်မံဖြည့်ဆည်း ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှဖိုးခေါင်စခန်း အတွင်း ဖွင့်လှစ်ပေးထားသည့် ဆေးပေးခန်း၊ သောက်သုံးရေ ရရှိနေမှုအခြေအနေ၊ ပြန်လည်ဝင်ရောက်လာသူများ ယာယီ တည်းခိုမည့် အဆောင်၊ ကလေး ကစားကွင်းများ၊ ကစားစရာများ ဖန်တီးပေးထားမှုနှင့် ကလေးများ စာသင်ကြားနိုင်ရန် ဆောင်ရွက်ပေး ထားမှု အခြေ အနေတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ စခန်းများသို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက စခန်းတာဝန်ခံများနှင့် တာဝန်ရှိသူ များအား နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတွင် မိမိတို့ဘက်က ဆောင်ရွက်ရမည့် လုပ်ငန်းများ အသင့်ဖြစ်နေပြီဖြစ် ကြောင်းနှင့် ပြန်လည်လက်ခံစိစစ်ခြင်း လုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း မှာကြားသည်။

နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင် အမြင်အာရုံချို့ယွင်းသူများက ပူးပေါင်း ပါဝင်သည့် အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းမည့် ငြိမ်းချမ်းရေးခရီးစဉ် လိုအပ်မှုများအတွက် ထောက်ပံ့ငွေကျပ် သိန်း (၁၀၀) ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးခန်း၌ ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) မှ အတွင်းရေးမှူး ဦးသိန်းလွင်နှင့်အဖွဲ့က လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

Tags